Wednesday, July 16, 2008

တာယာမင်းဝေ ရဲ့ အ,နေသောဝတ္ထု

အိမ်မက်ကိုဆီကျန်ရေကျန်မက်ချင်သည်။

ကျနော့်ကိုဇိကုပ်ပြီးနတ်ပြည်မပို့ကြပါနဲ့။ကိုယ့်ဘာသာကိုသွားမည်။ကျနော့်
ကိုဇိလာကုပ်တာမျိုးကျနော်မကြိုက်ပါ။မနာဘူးဆိုရင်တောင်ယားတော့ယား
တတ်သည်။ထိုသို့ဖြင့်ဇတ်ကြီးကမျောသွားသည်။ဇတ်မျောကိုလိုက်ဆယ်ရင်း
ပင်လယ်ကမျောသွားသည်။ဘာမှမကျန်ခဲ့။

ညာတာပါတေးကောင်မလေးတစ်ယောက်နှင့် ကျနော်ဝေးသွားသည်။ညကြီးမင်း
ကြီးမှာသူ့ကိုသတိရ၏။သူကတော့မေ့နေပြီထင်ပါသည်။

"ဌာနေဌာနကောသလဥာဏ်" ဆိုတာကိုကျနော်မသိပါ။သိလိုသူများဆရာလှသမိန်၏
"ကြွယ်ဝခမ်းနား မြန်မာစကား" စာမျက်နှာ(၇၂)ကိုရှုပါ။ရွှံပေါ်ရှဥ့်ပြေးသော်လည်းရှဥ့်မွှေး
ရွှံမလူးပါ။တိုတဲ့လျှော်ကတို၍ရှည်တဲ့လျှော်ကရှည်ပါဦးမည်။ဘာကိုပဲလုပ်လုပ်
ဌာန်ကရိုဏ်းကျဖို့လိုပါသည်။ဘာမှမလုပ်ဘဲနှင့်လည်းဌာန်ကရိုဏ်းကျဖို့လိုပါသည်။

တကူတကတူးဖော်သောက်ရတာဝိုင်တစ်ခွက်ဖြစ်၏။ခွက်နဲနဲပဲ့နေသည်။ဗိုက်ထဲသို့တဟီးဟီး
တဟားဟားဝင်သွားသည်။နံနက်ခင်းကိုမတွေ့ရ။တပေါ့တပါးသွားသည်ဟုသတိရသည်။ဧည့်ခံ
ပွဲကလည်းတဗျစ်ဗျစ်တောက်တောက်နှင့်ဆူညံနေသည်။မီးရှူးပွင့်တွေတအုံနွေးနွေးတောက်ပနေ၏။
ဘယ်သူ့ကိုမှတီတီတာတာမပြောခဲ့ပါ။အိမ်ကိုတလိမ့်ခေါက်ခွေးပြန်လာခဲ့၏။

အနုပညာကထိုင်ကားယားထကားရားဖြစ်နေသည်။

သူ့အပေါ်တတ်စီးမည့်သူများကိုလိုလားပုံမပေါ်။ရထားကဒရောသောပါးထွက်၏။
လူတစ်ယောက်ကရွှေမန်းမြို့မှမမကေသီကိုသတိရနေသည်။ဒယီးဒယိုင်ဖြင့်
တူးတူးဟုအော်၏။

အနုပညာသည်ကျနာ့်ဓါးမဦးချမြေဖြစ်၏။ဆက်လက်ထွန်ယက်ရဦးမည်။တစ်ချို့ကကျနော့်ကိုဓမ္မန္တ္တရာယ်ဟုမြင်ကြသည်။
ဓမ္မ္မာသောကအင်းဝရာဇာ အဖြစ်အလွန်ချစ်ကြ၏။ကိစ္စမရှိပါ။
ဓါတ်ကြီးလေးပါးညှိဆေးဆိုသည်မှာကျနော့်ကြီးဒေါ်ဖော်ရောင်းနေသောဆေးဖြစ်ပါသည်။
သူခိုးကိုဓါးရိုးမကမ်းပါနှင့်။ကုန်ကုန်ပြောရလျှင်ဘယ်သူ့ကိုမှဓါးရိုးမကမ်းပါနှင့်။

မှုန်ပြာရီခေတ်ကြီးအတွင်းမှာ သဘာဝတရားက ကျွန်တော့်ကို ပါးသိုင်းကြိုးတပ်၏ ။
နဖူးရေ ဒူးရေမကောင်းလှသော ညနေခင်းကြီးဆီသွားမည်။

ကျွန်တော့်မှာ ပဝေသဏီဆန်သော ပါးစပ်ပုပ်ကြီးရှိပါသည်။ ပိုးစိုးပက်စက်တော့ မပြောတတ်ပါ။
သို့သော် ပုဆိုးတန်းတင် ပြောတတ်ပါသည်။ ဆင်မပြေလှချေ။

လူဖြစ်လူတာကိုက ဗရုပ်သုတ်ခနဲ့ပါ။ ဗရွတ်ရွှတ်တ ဆီတွေဆမ်းထားတဲ့ ထမင်းကို ဆုတ်လိုက်ဆန်းလိုက်ဖြစ်
်နေတဲ့ ဗလောင်းဗလဲ လမင်းဆီက တောင်းစားပြီး ကြီးပြင်းခဲ့ရတာပါ။ နောက်ဆုံးကျတော့ ..... ဗလာ။

မေမေရေ .... ။ မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။ မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။ မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။ မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။ မိုးတွေက မှိုချိုးမျှစ်ချိုးရွာပြီ ။

ယထာဘူတ မကျပါဘူး။ ဒါပေမယ့် စိတ်နာတယ်။ ဓာတ်ကြီးလေးပါး ခမျာမှာလည်း မကြာခဏ
ယောက်ယက်ခတ်ရတယ်။ ယုံချင်မှ ယုံပါ။ ယုံတမ်းစကားလို့သဘောထားပါ။ ကိုယ့်စိတ်ဆီကိုယ်သွားနိုင်ဖို့အတွက်
ကျွန်တော့်ကို နည်းနည်းတော့ ဘုရားထိုင်၊ ထိုင်ခွင့်ပြုကြပါ။

ကိုယ့်ကိုယ်ကို ရေလာမြောင်းပေး လုပ်နေရတာ .... ကြာပြီ ။ လျှမ်းလျှမ်းတောက်တယ်လို့ ဘယ်သူကပြောသလဲ။အမှန်တော့ လူခြေတိတ်လွန်းတဲ့သူဆိုတာ သေချာပါတယ် ။

ဟတ်တက်ကွဲခွင့်ပြုပါ။ 'အက်' နေရတာကို စိတ်ညစ်လွန်လို့။ ဟက်တက်သာကွဲခွင့်ပြုကြပါ ။ ဘယ်လိုအခြေအနေမှာမှ ဟောင်ဖွာဟောင်ဖွာ မလုပ်ခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ပါဘူး။ ဈေးသည်အေးကြွယ်နဲ့ သီချင်းအတူတူ ဆိုဖူးရုံလောက်ပါ။ ဟိုတုန်းက ဟုန်းဟုန်းတောက်ချင်ခဲ့သမျှ ၊ ခုတော့လည်း ငြိမ်းချမ်းသင်းမြချင်ပြီ။


အထွေအထူးတော့ ပြောစရာ မရှိပါ။ အစကတည်းက 'အ' နေသော ဝတ္ထုပါ။ အခု ပြီးသွားပါပြီ။ အင်္ဂလိပ်လို (End) ဟုပြောလျှင်
ရနိုင်ပါသည်။ သို့သော် ကျီးကန်း ခလုတ်တိုက်သံနှင့် တူနေ၍ မပြောတော့ပါ။ ဘာပဲပြောပြော ဝတ္ထုက ပြီးသွားပါပြီ။ ဝတ္ထုနှင့်အတူ အရာအားလုံးကိုလည်း ပြီးလိုက်စေချင်ပြီ။ ဖတ်သူကိုရော ၊ မဖတ်သူကိုရော အထူးကျေးဇူးတင်ပါသည်။ ။

(တာယာမင်းဝေ)

No comments: