Tuesday, May 27, 2008

NASA Spacecraft Ready to Dig on Mars



ဘာရယ်မဟုတ်ပါဘူး..အင်္ဂါဂြိုဟ်ပေါ်ကို
NASA Spacecraft PHOENIX ဆင်းပြီးသွားပါပြီ....ဒီလိုခေတ်မှာကျွန်တော်တို.မြန်မာ့ပြည်ကြီးဘယ်ကိုသွားနေသလဲဆိုတာစဉ်းစားမိသွားလို.ပါ...

Monday, May 12, 2008

ဥယျာဉ်

နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား…
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့၊

ကောင်မလေးရေ…
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။

တာရာမင်းဝေ

ကျောင်းသားအတ္ထုပ္ပတ္တိ

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

(ဆရာတာရာမင်းဝေ)

ကျောင်းတော်က သူငယ်ချင်းအ၀ါ

လွမ်းတယ်ကောင်မလေးရယ်. .
ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်
နင်ရဲ့စိတ်ကို တံခါးလှမ်းလှမ်းခေါက်မိတယ်. .

ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .

ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူး

ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး . . .
အစကတည်းက
သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ

တာရာမင်းဝေ

လက်ဆောင်

(၁)
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရဦးမယ်
ချစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား...လို့။
(၂)
ငါက...မီးခိုးရောင် ခပ်များများနဲ့ကောင်ပါ
(ဘ၀မှာ မှောင်ရတာတွေပဲ များတယ်)
...
လိုအပ်ရင် မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာချို့တဲ့
ဘာဆိုဘာမှမဟုတ်တဲ့ ငနဲပေါ့။
(၃)
တကယ်ပါ...
မင်းအတွက်တော့ ငါဟာ
ဘာမှမဟုတ်ပါဘူး။
...
ဒါပေမယ့် အဲဒီ ဘာမှမဟုတ်ဘူး ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကိုသတိရတဲ့အခါ
မကြာမကြာ ထုတ် ထုတ်ကြည့်ချင်လို့။
(၄)
လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါရဲ့ ချစ်လှစွာသော ကော်ဖီမလေးရေ... ...
ငါ ပိုင်ဆိုင်တဲ့အရာကို
မင်းကိုလက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။
(၅)
ငါ့မှာ
မျက်ရည်ခံ မှဲ့တစ်လုံးရှိတယ်။

မင်းခိုက်စိုးစန်

တစ်ကိုယ်တော်

ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်။

ဖျားနာမှုကိုမှ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ။

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံ တတ်နိုင်တဲ့အခါကျရင်
ရောဂါတစ်ခုခုရဲ့ နာမည် ကို ၀ယ်ယူပြီး
ကိုယ့်ကိုယ်ကို စိတ်ပူကြည့်နေချင်တယ်။

လူတွေက တစ်ခါတစ်ခါလဆန်းလိုက်
တစ်ခါတစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
(ကိုယ့်သင်္ဘောကိုယ်)
ဘယ်လို ခုတ်မောင်းရမှန်း မသိတော့ပြန်ဘူး။

ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ
ငါ့ စ်ပနကို
ငါတစ်ယောက်တည်းချမယ်။

လောလောဆယ်မှာ လိုလိုမည်မည်
ငါစဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင်ကောင်းမလဲဆိုတာကိုပဲ။

မင်းခိုက်စိုးစံ

မင်းခိုက်စိုးစံ

(ဘူတာရုံနဲ့တူတဲ့ ကောင်မလေး)

-ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ဘူတာရုံကလေးရေ...လွမ်းတယ်....။
-အရမ်းကြီး မဟုတ်ပေမယ့် ...တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
-ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်....
ပြောပါ...မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ....
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။
-ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
....လာမယ်.......။
မင်းရဲ့ ဘူတာရုံကလေးဆီ....
....လာမယ်.......။
- ဟောဒီကောင်.....ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
....နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့် ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်...။ ။






(ကောင်မလေးရဲ့ မိုးလေ၀သ)

ငါ့မှာ..သုံးရာသီကိုတစ်ရက်စွန်းတဲ့အထိ

မင်းရဲ့မိုးတိမ်တွေနဲ့ပဲ သာယာနေမိတယ်..

ကောင်မလေးရေ....

မင်းဘယ်တော့ရွာချလိုက်မှာလဲ..

မြေကြီးထဲက သံယောဇဉ်အမြစ်တွေ

အိမ်မက်နဲ့ပဲ စိုစွတ်နေရပေါ့..။ ။



မင်းခိုက်စိုးစံ


(..........)

ဆယ့်နှစ်ကြိုးကဝေအတတ်နဲ့.

(ငါ့ရင်ထဲက ) မီးခတ်တဲ့ စကားလုံးတွေကိုသတ်ငြိမ်း..

အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ ..ရွာသူရေ

ရင်ခုန်သံတွေကိုပဲ..ခေါစာပစ်လိုက်တယ်..

သခင်မ..

ပျော်ပါ...ပါးပါ..စားပါ..သောက်ပါ..

မရိုမသေ တမ်းတမိတဲ့..

ဟောဒီက အမိုက်အမဲကောင်ကိုလည်း အပြစ်ကလွှတ်တော်မူပါ..

မီးစတစ်ဖက်..ရေမှုတ်တစ်ဖက်

အကြည့်လက်လက်တွေကိုလည်း

ပေးသနားတော်မူပါ..

' တရားဝင်စစ်ကြေငြာပြီးမှ မတွယ်တာရရင်...

ဘာမှမလုပ်ချင်ဘူး' ဆိုတဲ့

ဟောဒီက ငပျင်း...အတွက်

လက်ကြောတင်းအောင်..လွမ်းခွင့်ပြုတော်မူပါ..။ ။



မင်းခိုက်စိုးစံ

Sunday, May 11, 2008

အိမ်မက်ထဲမှာရွာတဲ့မိုး(မင်းခိုက်စိုးစန်)


ကောင်မလေးရေ...
ငါ့အလွမ်းတွေစိုထိုင်း
မိုးငွေ့သယ်တဲ့တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့ ငိုတော့်မယ်....

ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဖက်ဆီက သတိရခြင်းတွေတက်လာတယ်....
ဟောဒီတစ်သက်မှာ
ဘယ်တော့မှ အိမ်မက်မမက်ဘူးတဲ့ကောင်
အခုတော့ အလွမ်းတွေနဲ့ မှောင်လို့
ကယောင် ကတမ်း ညဉ်းရင်းလန့်နိုး
မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်...

အဲ့သည် တစ်စုံတစ်ရာသောမိုးလေ
ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိမ်မက်တစ်ခုလုံးစွန်းသွားတယ်၊၊

ငါး(မင်းခိုက်စိုးစန်)


(၁)

ငါးတွေဟာ သွေးအေးတယ်
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲ့ဒီ ရင်ခုန်သံကို..
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။

(၂)

ကြယ်တွေကို ခူးခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ...
ဒါပေမယ့်...
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။

(၃)

တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်..
ငါဘာကိုစားသောက်ခဲ့ပြီးပြီလဲ။

(၄)

တစ်ဘ၀စာ...
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(ဒိပြင် ဘာမှမပိုခဲ့ဘူး)

ကောင်မလေးရေ..
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ...
...လွမ်းတယ်။

လွမ်းလို့သေသွားတဲ့သစ်ပင်(မင်းခိုက်စိုးစန်)


ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။

(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။